Thursday, April 17, 2014

နောက်ဆုံးရ စက်ရပ်သတင်း



နှလုံးသား အငတ်ဘေးဆိုင်ရာ မေတ္တာသံအမတ်ကြီး ပြန်ပေးဆွဲခံရ

            ဘယ်သူဘယ်ဝါဟု မသိရသော အသည်းကွဲဝေဒနာရှင်များက နှလုံးသားနိုင်ငံဆိုင်ရာ မေတ္တာသံအမတ်ကြီးကို  မြို့တော် အသည်နှလုံးတွင် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ပြန်ပေးဆွဲသွားခဲ့ကြောင်း နှလုံးသားပြင်ပရေးရာ ဝန်ကြီးဋ္ဌါနမှ လိုက်ပြောဆိုခွင့်ရှိသူ တစ်ဦးက BI Group Media သို့ တိတ်တဆိတ်ဆက်သွယ်ပြီး တိုးတိုးလေး ပြောသွားသည်။

            မျက်နှာဖုံးစွပ်ထားသော အသည်းကွဲဝေဒနာရှင်များသည် နံပါတ်ပြားမပါသော မြှားနတ်မောင် (၂)ကောင်ကို စီးနင်းလာကာ နှလုံးသားနိုင်ငံဆိုင်ရာ မေတ္တာသံအမတ်ကြီး မစ္စအကြင်နာ နှင့် ၄င်း၏ ယင်ကောင်မောင်းဖြစ်သူ မစ္စတာ ဖလန်းဖလန်း တို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ အသည်းကွဲသမားများသည် သံအမတ်၏ယင်မောင်းကို ချစ်မျက်စောင်းများဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သံအမတ်ကြီးကို လက်ပြေးဆွဲသွားခဲ့ကြောင်း လိုက်ပြောဆိုခွင့်ရှိသူ မစ္စတာ အာချောင်က ပြောကြားသည်။

ထပ်မံ ပြောကြား

            သံအမတ်၏ ယင်မောင်းမှာ အဆိုပါတိုက်ခိုက်မှုကြောင့် အလွန်ပြင်းထန်သော အသည်းကွဲမျက်စောင်း နှစ်ချက် ထိမှန်ကာ အသည်းနှလုံးမြို့တော်ရှိ နှလုံးလှဆေးရုံကြီးတွင် အချစ်ရေစင်များ ပက်ဖျန်းခံယူလျက်ရှိကြောင်း လိုက်ပြောဆို ခွင့်ရှိသူက ထပ်မံ တော်ကီပွားလိုက်ပြန်ပါတယ်။

            အဆိုပါ လက်ဆွဲပြေးမှုနှင့် ပတ်သက်၍ ဘယ်သူဘယ်ဝါ လက်ချက်ဖြစ်သည်ကို ယခုချိန်ထိ မစုံစမ်းရသေး ပါကြောင်း သိရှိရပါသည်။

            နှလုံးသားရေးရာနိုင်ငံတွင် ခေါင်းဆောင်ဟောင်း သစ္စာကြီးသူအစိုးရ ပြိုကျခဲ့ပြီးချိန်ကတည်းက လက်ဆွဲပြေးမှု များ၊ မေတ္တာအလစ်သုတ်မှုများ၊ ချစ်ဓားပြနှိုက်မှုများ၊ နှလုံးသားကုန်ကူးမှုများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး ကြားဖြတ် ဆင်းကောက်တင်မြှောက်လိုက်သည့် မြှားနတ်မယ်အစိုးရသည် နိုင်ငံတစ်ဝန်းလုံးအပေါ် ထိရောက်သော အောင်သွယ်မှု များကို ယခုထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းနှင့် ပြည်သူလူထုတစ်ရပ်လုံး မေတ္တာအငတ်ဘေး ဆိုက်ရောက်လျက် ရှိပြီး လူပျိုသိုး၊အပျိုသိုးကြီးများအဖြစ် ကျန်ရစ်လျက် ရှိနေသေးကြောင်း သတင်းတွင် ဖော်ပြသည်။

နှစ်သစ်မင်္ဂလာဆုတောင်း


အစဉ်ထာဝရ ချစ်ခင်လေးစား၊ မေတ္တာပို့သအပ်ပါသော…
         မြန်မာပြည်တစ်ဝန်းလုံးမှ မိဘပြည်သူ ညီအစ်ကို မောင်နှမ မိတ်ဆွေသင်္ဂဟများနှင့် 
                                                အပေါင်းအသင်း ရောင်းရင်းတို့ခင်ဗျား…...


            ယနေ့ (၁၇.၄.၂၀၁၄၊ နှစ်ဆန်းတစ်ရက်နေ့)မှ စတင်သည့် မင်္ဂလာရှိသော နှစ်သစ် အခါသမယ အစပြု၍ ကျွန်တော်များ BIG Family (Beyond Irrawaddy Group)မှ မေတ္တာ၊ စေတနာများစွာဖြင့် သုတ၊ ရသပြည့်ဝစုံလင်သည့် ဟာသများ၊ သတင်း တိုများ၊ ထိရှခံစား ကဗျာများ၊ ဖြစ်ရပ်မှန်ဝတ္ထုတို/ရှည်များ၊ ဘာသာရေးဆိုင်ရာနှင့် တွေးခေါ်မြှော်မြင် ချင့်ချိန်စရာဆောင်း ပါးများ၊ ဆရာမောင်မိုးဆစ်၏ သူနှင့်သူ၏ဘဝ မှတ်တမ်းများကို များမကြာသောကာလတွင် အားရ အောင်ကြိုးစားတင်ဆက် ပေးသွားမည်ဖြစ်သဖြင့် စောင့်မျှော်ခံစား အားပေးကြပါဦးလို့ ပြောကြားရင်း……

            ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ လန်းဖြာကြပြီးလျှင် ကောင်းကျိုးလိုအင် ဆန္ဒမှန်သမျှ တစ်လုံးတစ်ဝတည်း ပြည့်စေကြောင်းနှင့် အတ္တဟိတ၊ ပရဟိတ နှစ်ဖြာသောအကျိုးကို ဆပွားတိုးတက် ဆောင်ရွက်နိုင်ကြပါစေ….။     ။

ဂရုဓမ်တရား(၄)ပါး



အခုတစ်လော ကမ္ဘာအရပ်ရပ်မှာ မိုးခေါင်ရေရှားခြင်း၊ ငတ်မွတ် ခေါင်းပါးခြင်း၊ ရောဂါထူပြောခြင်းနှင့် ယာဉ် အန္တရာယ်တို့ကြောင့် အသက်အိုးအိမ်စည်းစိမ်ထိခိုက်ပျက်ဆီးဆုံးရှုံးမှု သတင်းတွေ ကြားနေ ရပါတယ်။ ဒ့ါကြောင့် ပညာရှိအရိယာ သူတော် ကောင်းကြီးများ၏ကျင့်သုံးရာလမ်းစဉ်ဖြစ်သည့် အရိုးရှင်းဆုံး နည်းလမ်း တစ်ခုဖြစ်သော ဂရုဓမ်တရား(၄)ပါးကြောင့် ချမ်းသာ ရာရခြင်းအကြောင်းတရားကို ဖော်ပြအပ်ပါသည်။

သေခြင်းမရှိသောမြို့
မြန်မာပြည် တကောင်းမင်းလက်ထက်တွင် ဂရုဓမ်တရား(၄)ပါးကို အမိန့်ပြန်တမ်းထုတ်၍ တိုင်းပြည်တစ်ပြည် လုံးကို လိုက်နာ ကျင့်သုံးစေခဲ့ကြောင်း သိရပါသည်။ ယင်းဂရုဓမ်တရား(၄)ပါးကို ကျင့်သုံးခဲ့သောမြို့ကား သေခြင်းမရှိသောမြို့ဟု အဓိပ္ပါယ်ရသည့် အမရပူရမြို့ ပင်ဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက်က ဘုရင်နှင့်မြို့သူမြို့သားများအားလုံးပါ ယင်းတရား(၄)ပါးကို စွဲမြဲကြသည့် အလျောက် မိုးလေဝသကောင်းမွန်ကာ ဆန်ရေစပါးပေါများသောမြို့အဖြစ် သူ့ခေတ်သူ့အခါက လွန်စွာထင်ရှားကျော်ကြားခဲ့ပေသည်။ ထို့အပြင် မင်းနှင့် ပြည်သူပြည်သားအားလုံး ငါးပါးသီလလုံခြုံကြသောကြောင့် အနာရောဂါကင်းရှင်းပြီး မီးစာကုန်ဆီခန်း အသက်ကိုး ဆယ်ကျော်၊ တစ်ရာပြည့်မှသာ သေလွန်ကြရသည်။

            ထို့ကြောင့် အသုဘတစ်ခုဖြစ်လျှင်ပင် မမြင်ဘူးကြ၍ တစ်မြို့ လုံးဝိုင်းကြည့်ကြရသည်။ အနှစ်ကိုးဆယ်ကျော်၊ တစ်ရာရှိမှ သေကြသဖြင့် အသုဘပို့သောမြင်ကွင်းကို အင်မတန်မှကြုံခဲလှသည်။ ထိုသို့ အသေနည်းခြင်းကို အကြောင်းပြု၍ အမရပူရ= သေခြင်း မရှိသောမြို့ဟုတင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။
            ငါးရာ့ငါးဆယ်ဇာတ်နှင့် စရိယာပိဋကတ်၌လာသော ဂရုဓမ္မဇာတ်၌လည်း ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်ပြည်ရှိ ဓနဉ္စယကောရဗျ မင်းကြီးနှင့်တကွ တိုင်းသူပြည်သားများသည် ဂရုဓမ်တရားလေးပါးကို လိုက်နာစောင့်ထိန်းကြသည်အတွက် တစ်ပြည်လုံးမိုးလေဝသ မှန်ကန်ကာ ဆန်ရေစပါးပေါများခဲ့ပေသည်။
            တစ်ခါတွင် ကာလိင်္ဂတိုင်း ဒန္တပူရပြည်ကြီးတစ်ခုလုံး မိုးခေါင်ရေရှားကာ အငတ်ဘေးကြီးဆိုက်သည်။ တိုင်းသူပြည်သားများ မင်း၏ ဟစ်တိုင်သို့လာပြီး အငတ်ဘေးကြီး အေးငြိမ်းပပျောက်အောင်လုပ်ပေးရန် ဟစ်အော်တောင်းဆိုကြသည်။ အများ၏ အကြံပေး ချက်အရ မင်းကြီးသည် ဥပုသ်သီလစောင့်ကာ ကျက်သရေရှိသော တိုက်ခန်းသို့ဝင်ပြီး မြေစာမြက်ကို ခင်းအိပ်လေသည်။ သို့သော် မိုးကား ရွာ၍မလာ။
            တစ်ဖန် လောကီအယူအဆကို အားသန်ကြသော ဗေဒင်ဆရာတို့က ဣန္ဒပတ္တနဂိုရ်ပြည် မိုးလေဝသကောင်းမွန်နေခြင်းမှာ အဉ္စနဝဏ္ဏမည်သော မင်္ဂလာဆင်တော်ရှိသောကြောင့် ဖြစ်မည်။ ထိုမင်္ဂလာဆင်တော်ကို ရခဲ့လျှင် ဒန္တပူရမြို့ကြီးတစ်ခုလုံး မိုးလေဝသ ကောင်းလာမည်ဆိုကြသဖြင့် မင်္ဂလာဆင်တော်ကို သွားရောက် အလှူခံကြပြန်သည်။
            ဆင်ကား ရခဲ့ပါ၏။ မိုးကား ရွာမလာပါ။ နောက်ဆုံး၌ ပညာရှိသူတော်ကောင်းများ၏ အကြံပေးချက်အရ ဣန္ဒပတ္တနဂိုရ်ပြည်မှ ဂရုဓမ်တရားလေးပါးကို ကူးယူကျင့်သုံးသော အခါတွင်မှ မိုးလေဝသပြန်ကောင်းကာ သာယာဝပြောခဲ့ပေသည်။

ဂရုဓမ်တရား(၄)ပါး
(၁). ပြည်သူပြည်သားတို့သည် ဝါတွင်းဝါပ တစ်လ လေးသီတင်း ဥပုသ်စောင့်ရခြင်း။
(၂). ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံရခြင်း။
(၃). ရတနာသုံးပါးကို နေ့ညအမြဲမပြတ် ဝတ်ကပ်ဝတ်တက်ပြု၍ မေတ္တာတရားကို အထူးပွားများရခြင်း။
(၄). မိဘဘိုးဘွား၊ဆရာသမားများကိုလည်းကောင်း၊ အကျင့်သီလနှင့်ပြည့်စုံသောသူမြတ်တို့ ကိုလည်ကောင်း၊ မင်္ဂလာ
      တရားတော်နှင့်အညီ ရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်း။
            ဂရုဓမ်တရား(၄)ပါးကို လိုက်နာကျင့်သုံးခဲကြခြင်းကြောင့် မိုးလေဝသမှန်ကန်ကောင်းမွန်ပြီး ဆန်ရေစပါးပေါများကာ တိုင်းပြည်အေးချမ်း၊ စည်ပင်သာယာဝပြောကြောင်းသိရသည်နှင့်အညီ ယနေ့ ခေတ် မြန်မာပြည်အနေဖြင့်ုလည်း အမိန့်ပြန်တမ်းများ ထုတ်၍ လိုက်နာကျင့်သုံးသင့်ကြောင်း အကြံပြုအပ်ပါသည်။

ရှောင်မရသည့်ဘေး



ဒုန္နိဂ္ဂဟဿလဟုနော၊
ယတ္ထကာမာနိ ပါတိနော။
စိတ္တဿ ဒမထော သာဓု၊
စိတ္တံ ဒန္တံ သာခါဝဟံ။

“စိတ်သည် မကောင်းမှု အကုသိုလ်ကို မလုပ်ဖြစ်၊ မပြောဖြစ်၊ မကြံဖြစ်အောင် နိုင်နင်းဖို့ ခဲယဉ်းသောသဘောရှိသည်။ စိတ်သည် တစ်စက္ကန့် လျှင် အကြိမ်ပေါင်း ကုဋေတစ်သိန်း ဖြစ်ပျက်သဖြင့် လျှင်မြန်လွန်းသောသဘောရှိသည်။ စိတ်သည် အာရုံငါးပါး ကာမဂုဏ် တရားကို လှည့် လည်ရှာကြံတတ်သော သဘောတရားရှိသည်။ ထိုစိတ်ကို ဆုံးမနိုင်လျှင်ကား လူနတ်ဗြဟ္မာချမ်းသာကိုသာမက နိဗ္ဗာန်ချမ်းသာအထိ ရနိုင် သည်။”
ဟူ၍ ဗုဒ္ဓက ဟောဖော်ညွှန်ကြားထားသည်။

ရှောင်မရသည့်ဘေး
ကိုယ်ကျင့်သီလဖောက်ဖျက်ပြီဆိုသည်နှင့် သူတစ်ပါးနစ်နာမှုအကြီးအသေးကိုလိုက်၍ ဘေးကြီးလေးမျိုးဆိုက်တတ်သည်။ယင်းတို့ကား-
အတ္တာနုဝါဒဘေး      = မိမိကိုယ်ကို စွပ်စွဲကဲ့ရဲ့ခြင်း။
ပရာနုဝါဒဘေး         = သူတစ်ပါးက စွပ်စွဲကဲ့ရဲ့ခြင်း။
ဒဏ္ဍဘေး              = မင်းပြစ်မင်းဒဏ်သင့်ခြင်း (ထောင်ကျခြင်း)။
ဒုဂ္ဂတိဘေး             = အပါယ်လေးပါးသို့ ကျရောက်ရခြင်း       တို့ ဖြစ်ပေသည်။
            ထိုလေးမျိုးတို့တွင် ဟန်ဆောင်ဖုံးကွယ်မှုကောင်းသောကြောင့် ပရာနုဝါဒဘေးမှ လွတ်နိုင်သည်။ ငွေကြေးလာဘ်ထိုးနိုင်မှု၊ ပရိယာယ်မာယာဖြင့် ဥပဒေလက်တစ်လုံးခြား ရှောင်တတ်မှုတို့ကြောင့် ဒဏ္ဍဘေးမှ လွတ်နိုင်သည်။
            အတ္တာနုဝါဒဘေးနှင့် ဒုဂ္ဂတိဘေးမှကား မည်သို့သောနည်းနှင့်မျှ မလွတ်နိုင်ပေ။ သူတစ်ပါးကိုသာ လိမ်လို့ရမည်။ မိမိကိုယ်ကား လိမ်လိုမရဟူသော စကားသည် ကိုယ်ကျင့်သီလ တစ်ခုခုဖောက်ဖျက်လိုက်လျှင် သူတစ်ပါးသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အတ္တာ နုဝါဒဘေးနှင့် ဒုဂ္ဂတိဘေးမှကား ဧကန်မုချဆိုက်မည်ဟုဆိုလိုခြင်း ဖြစ်သည်။
            လူတစ်ယောက်သည် မတရားသောနည်းဖြင့်ရသော ငွေသိန်းတစ်ထောင်ဖြင့် ကျောင်းဆယ်ကျောင်းဆောက်လှူသည်။ တစ်ယောက်သောသူကား ငါးပါးသီလကို အပျက်မခ့ပဲ သမ္မာအာဇီဝကျကျ ရှာဖွေကာ သိန်းနှစ်ဆယ်တန် ကျောင်းတစ်ကျောင်းသာ ဆောက်လုပ်လှူဒါန်းနိုင်သည်။
            နောက်ဘဝ အကျိုးပေးသောအခါ မိစ္ဆာဇီဝသူဌေး သိန်းတစ်ထောင် အလှူရှင်ကျောင်းဒကာသည် ဧရာမတိုက်ကြီး ဆယ်လုံးကို ပိုင်ဆိုင်သော သူဌေးကြီးဘဝသို့ရောက်ရှိသည်။ သမ္မာဇီဝသူဌေးကား တိုက်တစ်လုံးသာပိုင်ဆိုင်သည်။ သို့သော် မိစ္ဆာဇီဝသူဌေးကား ရှုနာရှိုက်ကုန်းဘဝရောက်ပြီး ရောဂါမျိုးစုံကို ဆေးကုနေရသဖြင့် စည်းစိမ်ချမ်းသာကို စံစားချိန်မရချေ။ အသက်တိုကာ လူ့ဘဝမှ ခေတ္တခဏဖြင့် ထွက်ခွာသွားရပြန်သည်။
            သမ္မာဇီဝသူဌေးကား စောင့်ခဲ့သော သီလကုသိုလ်ကြောင့် သက်ရှည်ကျန်းမာစွာဖြင့် စည်းစိမ်ချမ်းသာကို သက်တမ်းပြည့် ခံစားရသည်။ ဤသူဌေးနှစ်ဦးတွင် ရှုနာရှိုက်ကုန်း သူဌေးဘဝသို့ မည်သူမှ ရောက်ချင်မည် မဟုတ်ပေ။
            သို့အတွက်ကြောင့် ဒါနကိုပြုပါ၊ ထိုသို့ပြုရာတွင် သီလကို အပျက်မခံကြပါနှင့်။ မိမိပြုခဲ့သော ဒါန၏ကောင်းကျိုးကို သက်ရှည် ကျန်းမာစွာဖြင့် ခံစားလိုကြလျှင် ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းကြပြီး ဒါနကိုပြုကြပါလို့ တိုက်တွန်းလိုက်အပ်ပါသည် ခင်ဗျား။

Wednesday, April 16, 2014

သုရာမေရယသိက္ခာပုဒ်အကြောင်း


သုရာမေရယကံမြောက်ရန်အတွက် အင်္ဂါလေးချက်ရှိသည်။ယင်းတို့ကား-

-       သုရာစသည် တစ်ပါးပါးဖြစ်ခြင်း
-       သောက်စားလိုသောစိတ်ရှိခြင်း
-       သောက်ဖြစ်အောင်လုံ့လပြုခြင်း
-       သောက်စားခြင်း (ဣတိဝုတ်။ ဌ။ နှင့် သမ္မော။ ဌ။)

တို့ဖြစ်ပေသည်။

သေရည်သောက်သူများခံစားရမည့်ဆိုးကျိုးများ
သေရည်သောက်လင့်၊ သင့်မသင့်
ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊
ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊
ခပင်းများထို၊ အကုသိုလ်ကို၊
မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊
ရှောင်ခါအပြန် အကျိုးတည်း။

အရူးဖြစ်ရခြင်းအကြောင်းအရင်း
အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ်တွင်-
            သုရာမေရယပါနံ ဘိက္ခဝေ အာသေဝိတံ (ပ)
           မနုဿဘူတဿ ဥမ္မတ္တကဘာဝံ သံဝတ္တနိကောဟောတိ
ဟူ၍ သေရည်သောက်ခြင်းအပြစ်များကို တိုက်ရိုက်ဟောကြားထားချက်ရှိသည်။အဓ္ဓိပါယ်မှာ သေရည်သောက်လေ့ရှိသူများသည် အပါယ်လေးပါးသို့ကျနိုင်သည်။ အပေါ့ဆုံးအကျိုးမှာ လူဖြစ်လျှင်အရူးသာဖြစ်ရသည်ဟူ၍ ဖြစ်သည်။
            ဗုဒ္ဓ၏တရားတော်ကို ယခုခေတ် ဆေးသိပံ္ပပညာရှင်များကိုယ်တိုင် ထောက်ခံအတည်ပြုနေကြရပြီဖြစ်သည်။ အရက်များစွာ သောက်ခြင်းကြောင့် နောက်ဘဝကိုမစောင့်ဘဲ ယခုဘဝမှာတင် ရူးသွပ်နိုင်ကြောင်း ဆေးလောကနှင့်သိပံ္ပမဂ္ဂဇင်းများ၌ ဆရာဝန်များက ရေးသားဖော်ပြနေကြပြီဖြစ်သည်။ ဘီယာတစ်ပုလင်းသောက်လျှင် ဦးနှောက်ကလပ်စည်းများ ထောင်ချီ၍ ပျက်စီးသည်။ အရက်ဆိုလျှင် ပြောစရာမရှိတော့ပေ။ အရက်ကို နှစ်ရှည်လများ သောက်သူများ၌ ဦးနှောက်ကလပ်စည်းပေါင်း သိန်းချီ၍ ပျက်စီးလာပေသည်။
            သာမန်လူတစ်ယောက်တွင် ဦးနှောက်ကလပ်စည်းပေါင်း (၁၇) ကုဋေကျော် ရှိသည်။ ဦးနှောက်ပျက်စီးသည့်လက္ခဏာများမှာ မှတ်ဥာဏ်ထိခိုက်ခြင်း၊ စိတ်ထိခိုက်လွယ်ခြင်း၊ အသိဥာဏ်ထိခိုက်ခြင်း၊ စိတ်ဖောက်ပြန်ခြင်းတို့ဖြစ်သည်။ ဦးနှေက်သည် သက်ရှိသတ္တဝါ တို့အတွက် အခရာ(အဓိက)ဖြစ်သည်။ ဦးနှောက်ကောင်းမှ မိမိဘဝကောင်းနိုင်မည်။ ဦးနှောက်မကောင်းလျှင် ဘဝပျက်စီးပေလိမ့်မည်။
            ဤတွေ့ရှိချက်ကိုထောက်၍ အရက်သောက်သူများ အရူးဘဝရောက်ကြောင်းမှာသေချာနေပေသည်။ ထို့ကြောင့်လည်း ဆာဟရီဆင်ဂိုး အမည်ရှိပညာရှင်တစ်ယောက်က-
            သိပံ္ပပညာ၏ ချီတက်မှုသည် ဗုဒ္ဓဝါဒ၏ အောင်ပွဲရမှုပင်ဖြစ်သည်။ သိပံ္ပပညာ၏ အသစ်တွေ့ရှိချက်များသည် ဗုဒ္ဓဝါဒအား အကောင်းဆုံး သက်သေပြုချက်များသာ ဖြစ်သည်
ဟူ၍ ကမ္ဘာသိကြေညာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မုသာဝါဒသိက္ခာပုဒ်အကြောင်း

ငွေလာချေးသည်ကို မချေးချင်၍ မရှိဟုလိမ်ခြင်း၊ သူငယ်ချင်းတစ်ယောက်ကို ဆရာကမခေါ်ဘဲ ခေါ်သည်ဟု လိမ်ခြင်းတို့၌ မုသာဝါဒကံပျက်၊မပျက် မေးလာခဲ့လျှင် ပျက်သည်ဟု ဖြေရမည်။
-       မဟုတ်မမှန်ပြောသော အကြောင်းအရာဖြစ်ခြင်း
-       မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း
-       ပြောလည်းပြောခြင်း
-       လိမ်လည်သည့်အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း
ဤအင်္ဂါလေးချက်နှင့် ညီလျှင် မုသာဝါဒကံပျက်သည်။ သူတစ်ပါးအကျိုးစီးပွား ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ လိမ်ပြောသည်နှင့် မုသာဝါဒကံပျက်သည်။ မြတ်စွာဘုရားက ရာဟုလောဝါဒသုတ်တွင်-
            ချစ်သားရာဟုလာ၊ မုသားကို ရယ်စရာအဖြစ်ပင် မပြောအပ်၊ အဘယ်ကြောင့်နည်း၊ မုသားပြောသောသူ မလုပ်ရဲသည့် အကုသိုလ် မရှိသောကြောင့်ပင်ဖြစ်၏
ဟု ဟောကြားခဲ့သည်။မြတ်စွာဘုရားကိုယ်တော်တိုင် ဘဝပေါင်များစွာကျင်လည်စဉ်အခါကတည်းက တစ်ခြားသီလများကို ဖောက်ဖျက်မိခဲ့ သော်လည်း မုသာဝါဒကံကို တစ်ခါတစ်ရံမျှ ဖောက်ဖျက်ခဲ့ခြင်းမရှိကြောင်း အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသားသည်ကို မှတ်သားကြည်ညိုခဲ့ရဖူးသည်။

မုသားပြောသူများခံစားရမည့်ဆိုကျိုးများ
မုသားစကား ပြောဆိုငြားမူ၊
စကားမပီ၊ သွားမညီတည်း၊
ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊
ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။
မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊
လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊
ရှောင်ကြဉ် အပြန်အကျိုးတည်း။

ကောင်းဂုဏ်အားလုံး၏ ခေါင်ချုပ်
            လူတစ်ယောက်သည် တစ်ခြားကောင်းကွက်များ မည်မျှရှိစေကာမူ မုသားပြောတတ်သည်ဆိုသည်နှင့် ဘယ်နေရာမှ မသုံး ကြတော့ပေ။ ကြက်၏ ဝမ်းတွင်ကလီဇာ၌ပါသော သည်းခြေသည် အသေးလေးသာဖြစ်၏။ သို့သော် ကြက်သားချက်သောအခါ သည်းခြေ ပါမလာအောင် အထူးဂရုစိုက်ရ၏။ သူပါသွားသည်နှင့် ကြက်သားဟင်းအိုးတစ်အိုးလုံး စားရ၍မရအောင် ခါးသွားသည်နှင့် ဥပမာတူသည်။

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်အကြောင်း


ကာမေသု= ကာမဂုဏ်တရားတို့၌မိစ္ဆာစာရ=မှားယွင်းစွာကျင့်ခြင်းဟု အနက်ထွက်သည်။ မြန်မာမှုပြုလိုက်သောအခါ သူတပါးသား၊မယားကို ပြစ်မှားလွန်ကျူးခြင်းဟု ဖြစ်သွားသည်။မသွားလာ မကျူးလွန်ထိုက်သောမိန်းမ နှစ်ဆယ်ရှိသည်။

မကျူးလွန်ရသောမိန်းမနှစ်ဆယ်
၁။ မိခင်အုပ်ထိန်းသောမိန်းမ
၂။ ဖခင်အုပ်ထိန်းသောမိန်းမ
၃။ မိဘနှစ်ပါးလုံး အုပ်ထိန်းသောမိန်းမ
၎။ မောင်ကြီး မောင်ငယ် အုပ်ထိန်းသောမိန်းမ
၅။ အစ်မ ညီမ အုပ်ထိန်းသောမိန်းမ
၆။ ဆွေမျိုးသားချင်း အုပ်ထိန်းသောမိန်းမ
၇။ အမျိုးအနွယ် အုပ်ထိန်းသောမိန်းမ
၈။ တရားကျင့်ဖော် အုပ်ထိန်းသောမိန်းမ

ဤ(၈)ယောက်သောမိန်းမတို့ကား အပျိုများသာဖြစ်သည်။သူတို့ကာမကို ပိုင်ဆိုင်သူမရှိ၊ စောင့်ရှောက်သောသူသာရှိ၏။ ထို့ကြောင့် ယောက်ျားတစ်ပါးတို့နှင့် ကျူးလွန်ပျော်ပါးလျှင် ထိုမျိုးသမီးရှစ်ယောက်တို့မှာ ကာမေသုမိစ္ဆာစာရမဖြစ်။ ကျူးလွန်သော ယောက်ျားမှာသာ ကာမေသုမိစ္ဆာစာရဖြစ်သည်။

၉။ ကိုယ်ဝန်တည်ကတည်းက မှတ်သားသိမ်းဆည်းခံရသောမိန်းမ
၁၀။ ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟု မင်းမိန့်ထုတ်ထားသောမိန်းမ
၁၁။ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းနေသောမိန်းမ(ယောက်ျားတစ်ယောက်က တစ်ပတ်ဖြစ်စေ၊ တစ်လဖြစ်စေ ငွေပေး၌ ပျော်ပါးနေသော ပြည့်တန်ဆာမကိုဆိုလိုသည်။ထိုရက်၊ထိုလအတွင်း ပျော်ပါးလျှင် နှစ်ဦးစလုံး ကာမေသုမိစ္ဆာစာရဖြစ်သည်။)
၁၂။ အလိုတူ၍ ပေါင်းသင်းနေသောမိန်းမ
၁၃။ ဥစ္စာစည်းစိမ်အပ်နှံ၍ ပေါင်းသင်းနေသောမိန်းမ
၁၄။ အဝတ်တန်ဆာပေး၍ ပေါင်းသင်းနေသောမိန်းမ
၁၅။ လူကြီးစုံရာနှင့် လက်ထပ်၍ ပေါင်းသင်းနေသောမိန်းမ
၁၆။ ထင်းခွေ၊ ရေခပ်လုပ်ကိုင်နေသောမိန်းမအား ထိုအလုပ်ကိုမလုပ်စေဘဲ ပေါင်းသင်းနေသောမိန်းမ
၁၇။ မယားပြုထားသောမိန်းမ
၁၈။ မယားပြုထားသောအလုပ်သမ
၁၉။ မယားအဖြစ် ပေါင်းသင်းနေသောသုံ့ပန်းမိန်းမ
၂၀။ ခေတ္တငှားရမ်း ပေါင်းသင်းနေသောမိန်းမ

ယင်းမိန်းမ(၁၂)ယောက်တို့သည် ကာမပိုင်ယောက်ျားများရှိကြသောကြောင့် ယောက်ျားတစ်ပါးနှင့်ပျော်ပါးလျှင် နှစ်ဦးလုံး ကာမေသုမိစ္ဆာစာရဖြစ်သည်။

ထိုကာမေသုမိစ္ဆာစာရကံထိုက်ရန် အင်္ဂါလေးချက်ရှိသည်။ယင်းတို့ကား-
-           -   မသွားလာအပ်သော မိန်းမနှစ်ဆယ်ဖြစ်ခြင်း
-           -   ထိုမိန်းမ၌ မှီဝဲလိုသောစိတ်ရှိခြင်း
-           -   လုံ့လပြုခြင်း
-           -   သာယာခြင်း
တို့ဖြစ်ပေသည်။
ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လျှင် ခံစားရမည့်ဆိုးကျိုးများ
မိစ္ဆာစာရ ကျူးလွန်ကလည်း
မုန်းကြသူများ၊ ရန်သူပွား၍
ရှားပါးလဘ်တိတ်၊ ချမ်းသာဆိတ်၏။
ဣတ္ထိပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊
မျက်နှာမလှ၊ အရှက်ရလျက်၊
လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊
စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊
ရှောင်ကာအပြန် အကျိုးတည်း။

အဒိန္နဒါနသိက္ခာပုဒ်အကြောင်း


အဒိန္န၊ မပေးသောဥစ္စာကို။ အာဒါန ယူခြင်း။ အပြည့်အစုံမြန်မာပြန်သော် ပိုင်ရှင်သည် ကိုယ်နူတ်နှစ်ပါး တစ်ပါးပါးဖြင့် မပေးသော ဥစ္စာကို ယူခြင်းဟု ဖြစ်သည်။အိမ်ရှင်များ အိပ်မောကျနေချိန်တက်ခိုးမှ ခိုခြင်းမြောက်သည်မဟုတ်။

အဒိန္နဒါနကံမြောက်မည့်အင်္ဂါ
ခိုးမှုတည်းဟူသော အဒိန္နဒါနကံမြောက်၊မမြောက် အင်္ဂါငါးချက်ဖြင့်စီစစ်ရမည်။ယင်းတို့ကား-
-           -  သူတစ်ပါးဥစ္စာဖြစ်ခြင်း
-           -  သူတစ်ပါးဥစ္စာဟုသိခြင်း
-           -  ခိုးယူလိုသောစိတ်ရှိခြင်း
-           -  ခိုးယူမှုဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ လုံ့လတစ်ခုခုကိုပြုခြင်း
-           -  ခိုးယူမှုအောင်မြင်ခြင်း (((ခုဒ္ဒက၊ အဌသာလီနိ၊ ဌ၊ ၁၄၁)
တို့ဖြစ်သည်
အဒိန္နဒါနကံကျူးလွန်သူများခံစားရမည့်ဆိုးကျိုးများ
အဒိန္နဒါ၊ ခိုးမိပါမူ၊
ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊
လိုရှိမရ၊ ဘောဂပျက်စီး၊
ရေမီးသူခိုး၊ မွေခံဆိုးနှင့်
မင်ဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊
ပျက်ပြားဥစ္စာ၊ပြစ်များစွာသည်၊
ရှောင်ခါအပြန်အကျိုးတည်း။

ခိုးခြင်းမျိုးစုံ အဖုံဖုံ
အရာရှိမှန်သမျှ လက်ဆောင်ဖြစ်စေ၊ ငွေဖြစ်စေ၊ တစ်မျိုးမျိုးပေးမှ လက်မှတ်ထိုးပေးခြင်းသည်လည်း ခိုးခြင်းဖြစ်သည်။ ဆေးရုံဝန်ထမ်းများသည် လူနာများထံမှ မသမာမာသောနည်းလမ်းဖြင့် ရယူသော ငွေကြေး၊ ပစ္စည်းမှန်သမျှလည်း ခိုးယူခြင်းဖြစ်သည်။ မီတာမတက်ရန် မီတာပေါက်က်ု ပြုပြင်ထားခြင်း၊ ပေးသင့်သော အခွန်ကို မပေးဘဲရှောင်လွှဲခြင်း၊ ဝန်ထမ်းများသည် လခရိက္ခာ အပြည့် ယူလျက် ရုံးတက်နောက်ကျလွန်းခြင်းနှင့် ရုံးဆင်းစောလွန်းခြင်း (အချိန်ခိုးခြင်း)၊ ကျောင်းဆရာ/မများသည် ကျောင်းဝင်ကြေးအပြင် အပိုငွေပေးမှ ကျောင်းသားလက်ခံခြင်းနှင့် ဘာ/ညာအတွက်၊ဘာ/ညာကြေးဆိုကာကောက်ခံပြီး ကိုယ်ရေးကိုယ်တာ အတွက်သုံးပစ်ခြင်း၊ နိုင်ငံပိုင်ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂလိကပိုင်ပစ္စည်းတစ်ခုခုကိုဖြစ်စေဖျက်ဆီးခြင်းတို့သည် ခိုးခြင်းတစ်မျိုးပင်ဖြစ်သည်။ ထိုခိုးခြင်းကို ကင်္ခါအဋ္ဌကထာ၌ ပသာယှာဟာရဟု အမည်တပ်ထားသည်။
မတရားသဖြင့် (ရထား၊ကား)လက်မှတ်ဈေးတင် မှောင်ခိုရောင်းချခြင်း(မည်သည့်လက်မှတ်ကိုမဆို)၊ မိမိကဝယ်ယူသောအခါ ပိုသော(တင်းတောင်း၊အလေးနှင့် ချိန်ခွင်)ဖြင့်ဝယ်ယူခြင်း၊ ရောင်းချသောအခါတွင် မပြည့်သော (တင်းတောင်း၊အလေးချိန်ခွင်)ဖြင့် ရောင်းချခြင်း၊ တရားသူကြီးများ လာဘ်စားပြီး ငွေများတရား နိုင်ပေးခြင်း၊ ဈေးသည်များ အကောင်းကို အညံ့နှင့်ရောပြီး ဈေးတင်ရောင်းခြင်းတို့သည်လည်း ခိုးခြင်းပင် ဖြစ်သည်။
ခိုနည်းများကိုကား တင်ပြ၍၊ ရေး၍ကုန်နိုင်ဖွယ်မရှိ။ ထို့ကြောင့် မသမာမှုမျိုးစုံမှ ရလာသောဥစ္စာ ငွေကြေးမှန်သမျှ တို့သည် ခိုးယူခြင်းပင်ဖြစ်သည်။

Sunday, April 13, 2014

ပါဏာတိပါတသိက္ခာပုဒ်အကြောင်း

            
               ပါဏ= အသက်ကို၊ အတိပါတ=လျှင်မြန်စွာချခြင်းဟု ပုဒ်ခွဲရသည်။ ရှင်းအောင်ပြန်သော အခါ သူ့အသက်ကိုသတ်ခြင်းဟုပင်ဖြစ်သွားသည်။ အကြောင်း တစ်ခုခုကြောင့်သတ္တဝါ တစ်ကောင်ကောင် သေသွားသောအခါ ပါဏာတိပါတကံထိုက်၊ မထိုက်ဆုံးဖြတ်နိုင်ရန်အင်္ဂါ (၅)ချက်ရှိသည်။ယင်းတို့ မှာ-
-         သတ္တဝါတစ်ကောင်ကောင်ဖြစ်ခြင်း
-       သတ္တဝါဟူသော အမှတ်သညာရှိခြင်း
-       သေစေလိုသော စိတ်စေတနာရှိခြင်း
-       သေဖို့ရန် ကိုယ်၊နူတ်တစ်ခုခုဖြင့်လုံ့လပြုခြင်း
-       သေသွားခြင် (ခုဒ္ဒက။ ဌ။၂၂)
တို့ဖြစ်ပေသည်။

ပါဏာတိပါတ၏ ဆိုးကျိုးများ
ပါဏာတိပါတ်၊ သူ့သက်သတ်က
ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း၊ လျှင်ခြင်းလည်းဝေး
ဘေးကိုကြောက်တတ်၊ အသတ်ခံရာ
အနာများလျက်၊ ချွေရံပျက်၍
အသက်တိုလျ၊ ပြစ်များစွသည်၊
ရှောင်ကအပြန် အကျိုးတည်း။

မှတ်ချက်။     ။မေတ္တာရှင်((ရွှေပြည်သာ)ဆရာတော်၏ သီလအစွမ်းအံ့မခန်းမှ ကောက်နူတ်ဖော်ပြသည်။