Thursday, April 17, 2014

ရှောင်မရသည့်ဘေး



ဒုန္နိဂ္ဂဟဿလဟုနော၊
ယတ္ထကာမာနိ ပါတိနော။
စိတ္တဿ ဒမထော သာဓု၊
စိတ္တံ ဒန္တံ သာခါဝဟံ။

“စိတ်သည် မကောင်းမှု အကုသိုလ်ကို မလုပ်ဖြစ်၊ မပြောဖြစ်၊ မကြံဖြစ်အောင် နိုင်နင်းဖို့ ခဲယဉ်းသောသဘောရှိသည်။ စိတ်သည် တစ်စက္ကန့် လျှင် အကြိမ်ပေါင်း ကုဋေတစ်သိန်း ဖြစ်ပျက်သဖြင့် လျှင်မြန်လွန်းသောသဘောရှိသည်။ စိတ်သည် အာရုံငါးပါး ကာမဂုဏ် တရားကို လှည့် လည်ရှာကြံတတ်သော သဘောတရားရှိသည်။ ထိုစိတ်ကို ဆုံးမနိုင်လျှင်ကား လူနတ်ဗြဟ္မာချမ်းသာကိုသာမက နိဗ္ဗာန်ချမ်းသာအထိ ရနိုင် သည်။”
ဟူ၍ ဗုဒ္ဓက ဟောဖော်ညွှန်ကြားထားသည်။

ရှောင်မရသည့်ဘေး
ကိုယ်ကျင့်သီလဖောက်ဖျက်ပြီဆိုသည်နှင့် သူတစ်ပါးနစ်နာမှုအကြီးအသေးကိုလိုက်၍ ဘေးကြီးလေးမျိုးဆိုက်တတ်သည်။ယင်းတို့ကား-
အတ္တာနုဝါဒဘေး      = မိမိကိုယ်ကို စွပ်စွဲကဲ့ရဲ့ခြင်း။
ပရာနုဝါဒဘေး         = သူတစ်ပါးက စွပ်စွဲကဲ့ရဲ့ခြင်း။
ဒဏ္ဍဘေး              = မင်းပြစ်မင်းဒဏ်သင့်ခြင်း (ထောင်ကျခြင်း)။
ဒုဂ္ဂတိဘေး             = အပါယ်လေးပါးသို့ ကျရောက်ရခြင်း       တို့ ဖြစ်ပေသည်။
            ထိုလေးမျိုးတို့တွင် ဟန်ဆောင်ဖုံးကွယ်မှုကောင်းသောကြောင့် ပရာနုဝါဒဘေးမှ လွတ်နိုင်သည်။ ငွေကြေးလာဘ်ထိုးနိုင်မှု၊ ပရိယာယ်မာယာဖြင့် ဥပဒေလက်တစ်လုံးခြား ရှောင်တတ်မှုတို့ကြောင့် ဒဏ္ဍဘေးမှ လွတ်နိုင်သည်။
            အတ္တာနုဝါဒဘေးနှင့် ဒုဂ္ဂတိဘေးမှကား မည်သို့သောနည်းနှင့်မျှ မလွတ်နိုင်ပေ။ သူတစ်ပါးကိုသာ လိမ်လို့ရမည်။ မိမိကိုယ်ကား လိမ်လိုမရဟူသော စကားသည် ကိုယ်ကျင့်သီလ တစ်ခုခုဖောက်ဖျက်လိုက်လျှင် သူတစ်ပါးသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အတ္တာ နုဝါဒဘေးနှင့် ဒုဂ္ဂတိဘေးမှကား ဧကန်မုချဆိုက်မည်ဟုဆိုလိုခြင်း ဖြစ်သည်။
            လူတစ်ယောက်သည် မတရားသောနည်းဖြင့်ရသော ငွေသိန်းတစ်ထောင်ဖြင့် ကျောင်းဆယ်ကျောင်းဆောက်လှူသည်။ တစ်ယောက်သောသူကား ငါးပါးသီလကို အပျက်မခ့ပဲ သမ္မာအာဇီဝကျကျ ရှာဖွေကာ သိန်းနှစ်ဆယ်တန် ကျောင်းတစ်ကျောင်းသာ ဆောက်လုပ်လှူဒါန်းနိုင်သည်။
            နောက်ဘဝ အကျိုးပေးသောအခါ မိစ္ဆာဇီဝသူဌေး သိန်းတစ်ထောင် အလှူရှင်ကျောင်းဒကာသည် ဧရာမတိုက်ကြီး ဆယ်လုံးကို ပိုင်ဆိုင်သော သူဌေးကြီးဘဝသို့ရောက်ရှိသည်။ သမ္မာဇီဝသူဌေးကား တိုက်တစ်လုံးသာပိုင်ဆိုင်သည်။ သို့သော် မိစ္ဆာဇီဝသူဌေးကား ရှုနာရှိုက်ကုန်းဘဝရောက်ပြီး ရောဂါမျိုးစုံကို ဆေးကုနေရသဖြင့် စည်းစိမ်ချမ်းသာကို စံစားချိန်မရချေ။ အသက်တိုကာ လူ့ဘဝမှ ခေတ္တခဏဖြင့် ထွက်ခွာသွားရပြန်သည်။
            သမ္မာဇီဝသူဌေးကား စောင့်ခဲ့သော သီလကုသိုလ်ကြောင့် သက်ရှည်ကျန်းမာစွာဖြင့် စည်းစိမ်ချမ်းသာကို သက်တမ်းပြည့် ခံစားရသည်။ ဤသူဌေးနှစ်ဦးတွင် ရှုနာရှိုက်ကုန်း သူဌေးဘဝသို့ မည်သူမှ ရောက်ချင်မည် မဟုတ်ပေ။
            သို့အတွက်ကြောင့် ဒါနကိုပြုပါ၊ ထိုသို့ပြုရာတွင် သီလကို အပျက်မခံကြပါနှင့်။ မိမိပြုခဲ့သော ဒါန၏ကောင်းကျိုးကို သက်ရှည် ကျန်းမာစွာဖြင့် ခံစားလိုကြလျှင် ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းကြပြီး ဒါနကိုပြုကြပါလို့ တိုက်တွန်းလိုက်အပ်ပါသည် ခင်ဗျား။

No comments:

Post a Comment