Wednesday, April 16, 2014

မုသာဝါဒသိက္ခာပုဒ်အကြောင်း

ငွေလာချေးသည်ကို မချေးချင်၍ မရှိဟုလိမ်ခြင်း၊ သူငယ်ချင်းတစ်ယောက်ကို ဆရာကမခေါ်ဘဲ ခေါ်သည်ဟု လိမ်ခြင်းတို့၌ မုသာဝါဒကံပျက်၊မပျက် မေးလာခဲ့လျှင် ပျက်သည်ဟု ဖြေရမည်။
-       မဟုတ်မမှန်ပြောသော အကြောင်းအရာဖြစ်ခြင်း
-       မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း
-       ပြောလည်းပြောခြင်း
-       လိမ်လည်သည့်အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း
ဤအင်္ဂါလေးချက်နှင့် ညီလျှင် မုသာဝါဒကံပျက်သည်။ သူတစ်ပါးအကျိုးစီးပွား ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ လိမ်ပြောသည်နှင့် မုသာဝါဒကံပျက်သည်။ မြတ်စွာဘုရားက ရာဟုလောဝါဒသုတ်တွင်-
            ချစ်သားရာဟုလာ၊ မုသားကို ရယ်စရာအဖြစ်ပင် မပြောအပ်၊ အဘယ်ကြောင့်နည်း၊ မုသားပြောသောသူ မလုပ်ရဲသည့် အကုသိုလ် မရှိသောကြောင့်ပင်ဖြစ်၏
ဟု ဟောကြားခဲ့သည်။မြတ်စွာဘုရားကိုယ်တော်တိုင် ဘဝပေါင်များစွာကျင်လည်စဉ်အခါကတည်းက တစ်ခြားသီလများကို ဖောက်ဖျက်မိခဲ့ သော်လည်း မုသာဝါဒကံကို တစ်ခါတစ်ရံမျှ ဖောက်ဖျက်ခဲ့ခြင်းမရှိကြောင်း အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသားသည်ကို မှတ်သားကြည်ညိုခဲ့ရဖူးသည်။

မုသားပြောသူများခံစားရမည့်ဆိုကျိုးများ
မုသားစကား ပြောဆိုငြားမူ၊
စကားမပီ၊ သွားမညီတည်း၊
ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊
ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။
မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊
လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊
ရှောင်ကြဉ် အပြန်အကျိုးတည်း။

ကောင်းဂုဏ်အားလုံး၏ ခေါင်ချုပ်
            လူတစ်ယောက်သည် တစ်ခြားကောင်းကွက်များ မည်မျှရှိစေကာမူ မုသားပြောတတ်သည်ဆိုသည်နှင့် ဘယ်နေရာမှ မသုံး ကြတော့ပေ။ ကြက်၏ ဝမ်းတွင်ကလီဇာ၌ပါသော သည်းခြေသည် အသေးလေးသာဖြစ်၏။ သို့သော် ကြက်သားချက်သောအခါ သည်းခြေ ပါမလာအောင် အထူးဂရုစိုက်ရ၏။ သူပါသွားသည်နှင့် ကြက်သားဟင်းအိုးတစ်အိုးလုံး စားရ၍မရအောင် ခါးသွားသည်နှင့် ဥပမာတူသည်။

No comments:

Post a Comment