Thursday, April 17, 2014

ဂရုဓမ်တရား(၄)ပါး



အခုတစ်လော ကမ္ဘာအရပ်ရပ်မှာ မိုးခေါင်ရေရှားခြင်း၊ ငတ်မွတ် ခေါင်းပါးခြင်း၊ ရောဂါထူပြောခြင်းနှင့် ယာဉ် အန္တရာယ်တို့ကြောင့် အသက်အိုးအိမ်စည်းစိမ်ထိခိုက်ပျက်ဆီးဆုံးရှုံးမှု သတင်းတွေ ကြားနေ ရပါတယ်။ ဒ့ါကြောင့် ပညာရှိအရိယာ သူတော် ကောင်းကြီးများ၏ကျင့်သုံးရာလမ်းစဉ်ဖြစ်သည့် အရိုးရှင်းဆုံး နည်းလမ်း တစ်ခုဖြစ်သော ဂရုဓမ်တရား(၄)ပါးကြောင့် ချမ်းသာ ရာရခြင်းအကြောင်းတရားကို ဖော်ပြအပ်ပါသည်။

သေခြင်းမရှိသောမြို့
မြန်မာပြည် တကောင်းမင်းလက်ထက်တွင် ဂရုဓမ်တရား(၄)ပါးကို အမိန့်ပြန်တမ်းထုတ်၍ တိုင်းပြည်တစ်ပြည် လုံးကို လိုက်နာ ကျင့်သုံးစေခဲ့ကြောင်း သိရပါသည်။ ယင်းဂရုဓမ်တရား(၄)ပါးကို ကျင့်သုံးခဲ့သောမြို့ကား သေခြင်းမရှိသောမြို့ဟု အဓိပ္ပါယ်ရသည့် အမရပူရမြို့ ပင်ဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက်က ဘုရင်နှင့်မြို့သူမြို့သားများအားလုံးပါ ယင်းတရား(၄)ပါးကို စွဲမြဲကြသည့် အလျောက် မိုးလေဝသကောင်းမွန်ကာ ဆန်ရေစပါးပေါများသောမြို့အဖြစ် သူ့ခေတ်သူ့အခါက လွန်စွာထင်ရှားကျော်ကြားခဲ့ပေသည်။ ထို့အပြင် မင်းနှင့် ပြည်သူပြည်သားအားလုံး ငါးပါးသီလလုံခြုံကြသောကြောင့် အနာရောဂါကင်းရှင်းပြီး မီးစာကုန်ဆီခန်း အသက်ကိုး ဆယ်ကျော်၊ တစ်ရာပြည့်မှသာ သေလွန်ကြရသည်။

            ထို့ကြောင့် အသုဘတစ်ခုဖြစ်လျှင်ပင် မမြင်ဘူးကြ၍ တစ်မြို့ လုံးဝိုင်းကြည့်ကြရသည်။ အနှစ်ကိုးဆယ်ကျော်၊ တစ်ရာရှိမှ သေကြသဖြင့် အသုဘပို့သောမြင်ကွင်းကို အင်မတန်မှကြုံခဲလှသည်။ ထိုသို့ အသေနည်းခြင်းကို အကြောင်းပြု၍ အမရပူရ= သေခြင်း မရှိသောမြို့ဟုတင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။
            ငါးရာ့ငါးဆယ်ဇာတ်နှင့် စရိယာပိဋကတ်၌လာသော ဂရုဓမ္မဇာတ်၌လည်း ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်ပြည်ရှိ ဓနဉ္စယကောရဗျ မင်းကြီးနှင့်တကွ တိုင်းသူပြည်သားများသည် ဂရုဓမ်တရားလေးပါးကို လိုက်နာစောင့်ထိန်းကြသည်အတွက် တစ်ပြည်လုံးမိုးလေဝသ မှန်ကန်ကာ ဆန်ရေစပါးပေါများခဲ့ပေသည်။
            တစ်ခါတွင် ကာလိင်္ဂတိုင်း ဒန္တပူရပြည်ကြီးတစ်ခုလုံး မိုးခေါင်ရေရှားကာ အငတ်ဘေးကြီးဆိုက်သည်။ တိုင်းသူပြည်သားများ မင်း၏ ဟစ်တိုင်သို့လာပြီး အငတ်ဘေးကြီး အေးငြိမ်းပပျောက်အောင်လုပ်ပေးရန် ဟစ်အော်တောင်းဆိုကြသည်။ အများ၏ အကြံပေး ချက်အရ မင်းကြီးသည် ဥပုသ်သီလစောင့်ကာ ကျက်သရေရှိသော တိုက်ခန်းသို့ဝင်ပြီး မြေစာမြက်ကို ခင်းအိပ်လေသည်။ သို့သော် မိုးကား ရွာ၍မလာ။
            တစ်ဖန် လောကီအယူအဆကို အားသန်ကြသော ဗေဒင်ဆရာတို့က ဣန္ဒပတ္တနဂိုရ်ပြည် မိုးလေဝသကောင်းမွန်နေခြင်းမှာ အဉ္စနဝဏ္ဏမည်သော မင်္ဂလာဆင်တော်ရှိသောကြောင့် ဖြစ်မည်။ ထိုမင်္ဂလာဆင်တော်ကို ရခဲ့လျှင် ဒန္တပူရမြို့ကြီးတစ်ခုလုံး မိုးလေဝသ ကောင်းလာမည်ဆိုကြသဖြင့် မင်္ဂလာဆင်တော်ကို သွားရောက် အလှူခံကြပြန်သည်။
            ဆင်ကား ရခဲ့ပါ၏။ မိုးကား ရွာမလာပါ။ နောက်ဆုံး၌ ပညာရှိသူတော်ကောင်းများ၏ အကြံပေးချက်အရ ဣန္ဒပတ္တနဂိုရ်ပြည်မှ ဂရုဓမ်တရားလေးပါးကို ကူးယူကျင့်သုံးသော အခါတွင်မှ မိုးလေဝသပြန်ကောင်းကာ သာယာဝပြောခဲ့ပေသည်။

ဂရုဓမ်တရား(၄)ပါး
(၁). ပြည်သူပြည်သားတို့သည် ဝါတွင်းဝါပ တစ်လ လေးသီတင်း ဥပုသ်စောင့်ရခြင်း။
(၂). ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံရခြင်း။
(၃). ရတနာသုံးပါးကို နေ့ညအမြဲမပြတ် ဝတ်ကပ်ဝတ်တက်ပြု၍ မေတ္တာတရားကို အထူးပွားများရခြင်း။
(၄). မိဘဘိုးဘွား၊ဆရာသမားများကိုလည်းကောင်း၊ အကျင့်သီလနှင့်ပြည့်စုံသောသူမြတ်တို့ ကိုလည်ကောင်း၊ မင်္ဂလာ
      တရားတော်နှင့်အညီ ရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်း။
            ဂရုဓမ်တရား(၄)ပါးကို လိုက်နာကျင့်သုံးခဲကြခြင်းကြောင့် မိုးလေဝသမှန်ကန်ကောင်းမွန်ပြီး ဆန်ရေစပါးပေါများကာ တိုင်းပြည်အေးချမ်း၊ စည်ပင်သာယာဝပြောကြောင်းသိရသည်နှင့်အညီ ယနေ့ ခေတ် မြန်မာပြည်အနေဖြင့်ုလည်း အမိန့်ပြန်တမ်းများ ထုတ်၍ လိုက်နာကျင့်သုံးသင့်ကြောင်း အကြံပြုအပ်ပါသည်။

No comments:

Post a Comment